ဝမ်းတွင်း ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်အားကစား ကွင်း ရှိမိုးလုံလေလုံခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက ဒီဇင်ဘာ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးက အားကစားသည် လူငယ်လူရွယ်များအတွက် အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်လက် လှုပ်ရှားအားကစားသည် လူငယ်များအတွက် အသိဥာဏ်ဖွံ့ဖြိုးစေရန် အထောက်ကူပေးရုံ သာမက ကျန်းမာကြံ့ခိုင်ခြင်းကိုပါ ပေးစွမ်းနိုင်ကြောင်း အားကစားပြုလုပ်ပေးခြင်းဖြင့် ရွှင်လန်းသော စိတ်၊ ထက်မြက်သော ဦးနှောက်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားအား ကျင်းပခဲ့ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဘုရားစုအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲမြင့်သိန်းကလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် ကြက်ကြီး အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မြင့်ဆွေဦးတို့ကလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ ဒီဇင်ဘာလူထုအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်း(၁၄)သင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)