မိတ္ထီလာ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် မြေစိုကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၉၉.၆၉ သန်းဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကုန်ထုတ်လမ်း (၂/၀)မိုင်၊ Slab Culvert ၄ စင်း၊ သံကူကွန်ကရစ်တံတား တစ်စင်းတို့ကို သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ သာစည်မြို့နယ် မြေစိုကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၄၉.၆၈သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် A&A Starကုမ္ပဏီက တာဝန်ယူ၍ အရှည် ပေ ၄၀၊ အကျယ် ၁၄ပေ၊ အမြင့် ၁၄ပေရှိ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးဖြစ်သည်။
အဆိုပါတံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ မြေစိုကျေးရွာရှိ အိမ်ခြေ ၁၄၂ အိမ်၊ စိုက်ဧက ၄၀၀၀တို့ကို အကျိုးပြုနိုင်ပြီဖြစ်ပါသဖြင့် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)