မိုင်းကိုင်မြို့နယ်၌ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေ

မိုင်းကိုင် ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (အဖွဲ့ငယ်) မှ လာရောက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ အမှတ်(၅၁၄) ခြေမြန်တပ်ရင်းခန်းမ၌  ကပြဖျော်ဖြေခဲ့သည်။

အဆိုပါ ကပြဖျော်ဖြေပွဲတွင် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)မှ ဗိုလ်ကြီးဝေဦးအောင် ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးတို့မှ ခေတ်ပေါ်၊ ခေတ်ဟောင်းတေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်များ၊ အငြိမ့်အစီအစဉ်များ၊ သုတ/ရသ မျက်လှည့်ပညာများဖြင့်  ခင်မင်ရင်းနှီးစွာ  ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးဇင်အောင်၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက လာရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)