မချမ်းဘော ဒီဇင်ဘာ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ရှိ အထင်ကရနေရာ ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီး၌ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက ကျောက်နဂါးကုန်းတော် အောင်တော်မူအေးစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး မချမ်းဘောမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်း လက်ထောက်ဆရာတော် ဦးဘဒ္ဒိယက စိန်ရောင်ခြည် ဘုရားပင့်ပူဇော်ကာ ပူတာအိုမြို့နယ် နောင်ခိုင်ကျေးရွာဆရာတော် ဦးခေမာက ပဋ္ဌာန်းတရားတော်မြတ် အမွှန်းရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် မြို့နယ်သာသနာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပဋ္ဌာန်းတရားတော် အတူတကွ နာယူရန် နတ်ပင့်ပူဇော်ပြီးနောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တော်များကို ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ အလှူရှင်များက မဟာပဋ္ဌာန်းကျမ်းများကို ဆက်ကပ် လှူဒါန်းပြီးနောက် ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တတိလောကက သီလပေး တရားတော်ကို ဟောကြားတော်မူ၍ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဟိုခိုဆရာတော်က အနုမောဒနာတရားကို ချီးမြှင့်ဟောကြားတော်မူရာ အတူတကွ နာယူကာ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပစ္စယုဒ္ဒေသ ပါဠိအကျဉ်းကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြပြီးနောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းကို ပင့်သံဃာတော် ၁၈ပါးတို့က အလှည့်ကျ စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် နတ်တော်လဆန်း ၁၃ရက်နေ့မှ နတ်တော် လပြည့်နေ့နေ့အထိ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ပဋ္ဌာန်းက္ကုဆ္ဆာသရ စာရေးတံမဲ အလှူဆက်ကပ် လှူဒါန်းပွဲကိုပါ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)