မိတ္ထီလာ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းကြီးကျေးရွာနှင့် အောင်သာကျေးရွာတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄၇ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိူးကျေးဇူးနှင့် လက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာတာဝန်ခံများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်း မပျောက်လည်ပတ်ရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်သည့် ကုန်းကြီးကျေးရွာနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ဆောင်ရွက်သည့် အောင်သာကျေးရွာတို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အရင်းဆပ်ကာလပြည့်မြောက်ခဲ့၍ ပြန်လည် ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာ လုပ်ငန်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ကျေးရွာနှစ်ရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၆၃ ဦးအား ငွေကျပ် ၄၄.၄ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၄ ဦးအား ငွေကျပ် ၂၂.၁ သန်း စုစုပေါင်း အသင်းသား အသင်းသူ ၂၄၇ ဦးအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၆.၅ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)