ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၆
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်(၁၅၂/၂၀၂၃)ဖြင့် အမျိုးသား ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည့်၊ အမြင့်ပေ ၄၉၈၁ ပေရှိသော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်အား၊ ခရစ်စမတ်နေ့ဖြစ်သော ဒီဇင်ဘာ(၂၅)ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားများ၊ အားကစား ဝါသနာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ချစ်သူများဖြင့် တက်ရောက်သူ များပြားခဲ့ကြောင်းနှင့် ယခုနှစ်တွင် ညအိပ်တက် ရောက်သူများလည်းများပြားကြောင်းသိရသည်။
အဆိုပါ ပုပ္ပားတောင်နှင့် ပတ်ဝန်းကျင်ဒေသကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဇီဝမျိုးစုံ/မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ ဘူမိနယ်မြေ ၁၅ နေရာပါဝင်သော ဧရိယာအကျယ်အဝန်း ၅၂၃၁၇ ဒသမ ၈၅ ဧက ရှိသော နယ်မြေကို ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်ကြောင်းသိရပြီး၊ သဘာဝတောတောင်ရေမြေများဖြင့် စိမ်းလန်းစိုပြေနေသည့် အညာဒေသ၏ အိုအေစစ်အဖြစ် လူသိများ ထင်ရှားသော ဒေသ တစ်ခုလည်းဖြစ်သည်။ ပုပ္ပားတောင်မှာ အမြင့်ပေ ၄၉၈၁ ပေရှိပြီး နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း တတိယပတ်မှစ၍ လကုန်သည်အထိ တောင်တက်ရန် အနယ်နယ်အရပ်ရပ်မှ အစုအဖွဲ့များဖြင့် လာရောက်ကြလေ့ရှိပြီး၊ ယခင်က နယ်ဝေးမှ လာရောက်သူများအနေဖြင့် ပုပ္ပားရွာတွင် ညအိပ်ပြီး နံနက်စောစောမှသာ ဒေသခံများနှင့်အတူ တောင်မကြီးသို့ တက်ရောက်ကြလေ့ရှိသော်လည်း၊ ယခုအခါတွင် နယ်ဝေးမှ လာရောက်သူများ၊ ကျောက်ပန်းတောင်းမြို့ပေါ်မှလာရောက်ကြသူများအတွက် တောင်မကြီးအထက်ရှိ ဦးနုတိုက်ရှိရာ ဟတ်စကီကွင်းနေရာတွင် Camp ground အဖြစ်သတ်မှတ်၍ ရွက်ဖျင်တဲငှားရမ်းသူ များရှိကြောင်းနှင့် ၂ ယောက်အိပ်/ ၃ ယောက်အိပ် ရွက်ဖျင်တဲ(Tent) များ ငှားရမ်းအိမ်စက်နိုင်ကြောင်းသိရ ပြီး၊ ညနေစာကို မိမိအစီအစဉ်ဖြင့် အသင့်စား အစားအသောက်များ ယူဆောင်လာသူရှိသလို၊ ဦးနုတိုက်ဝန်းကျင်တွင် ညအိပ်လာရောက်ရောင်းချသည့် စားသောက်ဆိုင်ငယ်လေးများလည်းရှိကြောင်း သိရပြီး၊ ညအိပ် တက်ရောက်သူများအတွက် အဆိုပါ Camp ground တွင်၊ သက်တောင့်သက်သာ အနားယူနိုင်သလို နေဝင်ဆည်းဆာ အလှနှင့် နေထွက်ချိန် အလှများကို ကြည်နူးဘွယ် ငေးမောခံစားနိုင် ကြောင်း သိရသည်။
ခရစ်စမတ် နံနက်ခင်း ဝေလီဝေလင်း အချိန်တွင် ကလေး/လူကြီး အစုအဖွဲ့အလိုက် တောင်ပေါ်သို့ စတင်တက်ရောက်ကြပြီး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ ညောင်ဦး၊ မန္တလေး အစရှိသည့် ဒေသများမှ တောင်တက် အားကစားဝါသနာရှင်များ၊ သဘာဝပတ်ဝန်းကျင်ချစ်သူများ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ အစုအဖွဲ့အလိုက် တက်ရောက်ကြခြင်းဖြစ်၍ လမ်းတစ်လျှောက်တွင် လည်း ဒေသခံဈေးသည်များက အထမ်းများဖြင့် စားသောက် ဖွယ်ရာများ ကို စုံလင်စွာ ရောင်းချကြပြီး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမပြုရန်နှင့် ပန်းခြောက်များနှုတ်ယူခြင်းမပြုရန် အသိပေးဆိုင်းဘုတ်များ တပ်ဆင်ထားရှိပြီး၊ ကုသိုလ်ဖြစ် အမှိုက်ကောက် လာရောက်သူများလည်းရှိကြောင်း သိရသည်။ ယခုနှစ် ခရစ်စမတ်နေ့ တစ်နေ့တည်းပင် တောင်မကြီးသို့ တက်ရောက်သူ စုစုပေါင်း ၅၀၀၀မှ ၇၀၀၀ ဝန်းကျင် ရှိကြောင်းသိရပြီး၊ ညအိပ်တက်ရောက်လိုသူများအနေဖြင့် တောင်တက်အသင်း အကျိုးဆောင်အဖွဲ့ထံသို့ လည်းကောင်း၊ Popa Garden Resort ထံသို့လည်းကောင်းဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)