လွိုင်လင် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ လွိုင်လင်တောင်သို့ တက်ရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ယနေ့သည့် ဒီဇင်ဘာလ ၂၅ ရက်၊ ခရစမတ်နေ့ဖြစ်ရာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်၍ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများသည် အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးနှစ်ဦးတစ်စုသော်လည်းကောင်း လွိုင်လင်တောင်သို့ တက်ရောက်ကြပြီး၊ တောင်ထိပ်ပေါ်ရှိစေတီတော်နှစ်ဆူအား ဖူးမြော်ခြင်း၊ ဒီဇင်ဘာနံနက်ခင်း၏ တိမ်ပင်လယ်ကြည့်ရှုခြင်း၊ တစ်နှစ်တာပင်ပမ်းခဲ့သမျှကို တစ်ရက်တာအပမ်းဖြေအနားယူခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ၊ ကျန်းမာရေးအရ ခြေလျင်တောင်တက်ခြင်းများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ လွိုင်လင်တောင်သည် လွိုင်လင်မြို့နှင့် ၇မိုင်ခန့်ကွာဝေးပြီး မော်တော်ကား၊ ဆိုင်ကယ်များဖြင့် တောင်ခြေအထိ သွားရောက်ပြီးနောက် တောင်ခြေမှ တောင်ထိပ်ပေါ်သို့ ခြေလျင်ဖြင့် မိနစ် ၃၀ ခန့် လမ်းလျှောက်တက်ရပါသည်။ လွိုင်လင်တောင်သည် အမြင့်ပေ ၆၂၆၂ ပေရှိကာ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး