ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးလျက်ရှိ

ညောင်ဦး ဒီဇင်ဘာ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးလျက်ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူများထံက သိရသည်။

ဆောင်းကြက်သွန်နီစိုက်ပျိုးရာတွင် မျိုးစေ့ကို သီတင်းကျွတ်လနှင့်တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြောင်း၊ မျိုး(ပျိုး)စေ့ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ရက်ပြည့်လျှင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများ၊ ရေဆုံးကျေးရွာနှင့်ပုပ္ပားမြောက်ဘက် စိတ္ထိန်းကျေးရွာတို့၌ ဆောင်းကြက်သွန်နီ အမြောက်အမြား စိုက်ပျိုးကြကြောင်းနှင့် ယာမြေတွင်စိုက်ပျိုးသည့်အပြင် ကျွန်းမြေ၊ ချောင်းမြေ များတွင်လည်း  စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းကြက်သွန်စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးပြီးလျှင် ယာမြေများတွင် မြောင်းဘောင်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးခြင်း၊ ကျွန်းမြေ၊ ချောင်းမြေများတွင် ရေဖျန်းစနစ်ဖြင့်  စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းကြက်သွန်နီစိုက်ပျိုးရာတွင် ပျိုးထောင်ချိန်မှ နုတ်သိမ်းချိန်အထိ ငါးလခန့် ကြာမြင့်ပြီး ပျိုးထောင်ရက် ၄၅ ရက်နှင့် စိုက်ခင်းတွင် ရက်ပေါင်း ၉၀ ပြည့်မှ နုတ်သိမ်းကြောင်း သိရသည်။ ဆောင်းကြက်သွန်နီစိုက်ပျိုးချိန်တွင် ကြက်သွန်စိုက်သူတစ်ဦး၏ လုပ်အားခမှာ နံနက် ၈ နာရီခွဲမှ  ညနေ ၄ နာရီခွဲအထိ ငွေကျပ် ၅၀၀၀၊ ယာထွန်စက် ငှားရမ်းခမှာ တစ်နာရီလျှင် ငွေကျပ် ၄၅၀၀၀၊ နွားဖြင့်ထွန်ယက်ခမှာ  တစ်မနက်လျှင် ငွေကျပ် ၁၅၀၀၀၊ နွားချေး ပုစဉ်းခေါင်းထော်လာဂျီ တစ်စီးလျှင်  ငွေကျပ်  ၄၀၀၀၀၊ ဖော့စဖိတ်တစ်အိတ်လျှင် ငွေကျပ် ၆၀၀၀၀၊ ငုံးချေး တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀  ဖြင့်ဝယ်၍ ထည့်သွင်းစိုက်ပျိုးရကြောင်းနှင့် ကြက်သွန်တစ်ဧက စိုက်ပျိုးစရိတ်မှာ ပျမ်းမျှ ငွေကျပ် သိန်း ၂၅ ခန့် ကုန်ကျကြောင်း သိရသည်။        

ဒီပါလင်း