ကျိုင်းတုံ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီက လွိုင်မွေတောင်စခန်းမြို့၊ စတုရဋ္ဌသုမင်္ဂလစေတီအနီး ချယ်ရီပင်တန်းတွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲ (၂၀၂၃) မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က အမှာစကားပြောကြားပြီး တိုင်းရင်းသားရိုးရာအစားအစာပြပွဲတွင် ပါဝင်ပြသခဲ့သော တိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရှမ်း၊ အာခါ၊ လားဟူ၊ “ဝ” စသည့် ဒေသခံတိုင်ရင်းသားများက ရိုးရာယဉ်ကျေးမှု အကများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး လွိုင်မွေဒေသခံ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချယ်ရီပန်းပွဲတော်တွင် လာရောက်လာပတ်ကြသူများအား ချယ်ရီပန်းပွဲတော် အမှတ်တရတံဆိပ် ရိုက်နှိပ်ထားသောအင်္ကျီများ အမှတ်တရလက်ဆောင်ပေးပြီး တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချသည့် ဆိုင်ခန်းများအား လိုက်လံကြည့်ရှုအားပေးကြသည်။
ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်ဝိုင်များ၊ ရိုးရာအဝတ်အထည်များ၊ ဒေသထွက်ကုန်များ စသည့် ပစ္စည်းအရောင်းဆိုင်များ၊ လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိပြီး လွိုင်မွေရေကန်ပတ်လည်နှင့် လွိုင်မွေအထင်ကရ နှစ်တစ်ရာစံအိမ်တို့တွင် လာရောက်လည်ပတ်သူများ အလှဓာတ်ပုံရိုက်ကြသူများဖြင့် စည်ကားလျက်ရှိပါသည်။
လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲ (၂၀၂၃)ကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ချယ်ရီပန်းပွဲတော်ကို နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)