ညောင်ဦး ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင် တည်ရှိသော ကမ္ဘာကျော်မီးငြိမ်းတောင် တစ်လုံးဖြစ်သည့် ပုပ္ပားတောင်မကြီး၏ ဒီဇင်ဘာတောင်တက်ပွဲသို့ ပါဝင်တက်ရောက်သူ များပြားစွာ တက်ရောက်ခဲ့ ကြောင်း ပုပ္ပား ဒေသခံများထံမှ သိရသည်။
အဆိုပါ ပုပ္ပားတောင်တက်ပွဲကို တောင်တက်သူ ၂၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ကျောက်ပန်းတောင်းဝန်းကျင်မြို့များဖြစ်သည့် မကွေး၊ ရေနံချောင်း၊ ချောက်၊ စလေ၊ တောင်သာ၊ မိတ္ထီလာ၊ ငါ့သရောက်၊ ညောင်ဦး၊ ပုဂံ၊ ဝဲလောင်၊ ပုပ္ပားလွင်ရွာ၊ ကံဇာတ်ကုန်းရွာ၊ အင်ချောင်း ရွာနှင့် ကျောက်ပန်းတောင်းမြို့မှ တောင်တက်ဝါသနာရှင်များ စုပေါင်းတက်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
တောင်တက်သူအများစုသည် မိတ်ဆွေအပေါင်းအသင်းများနှင့် တက်ရောက်ကြခြင်း၊ မိသားစု လိုက် တက်ရောက်ကြခြင်းများရှိကြကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မကြီး ပေါ်သို့ ဒီဇင်ဘာလတစ်လလုံး နေ့စဉ်တောင်တက်သူများရှိကြောင်း၊ ပုပ္ပားဒေသခံများက တောင်တက်လမ်းတစ်လျှောက် ရေသန့်၊ ကြာဇံဟင်းခါး၊ ခေါက်ဆွဲပြုတ်များ၊ သစ်သီးမျိုးစုံ၊ အကြော်မျိုးစုံကို ရောင်းချကြကြောင်း၊ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်အတွင်း တောင်တက်သူ အများဆုံး လာရောက်နိုင်သည့် ရက်များလည်းဖြစ်ကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက် အရ သိရသည်။
တောင်တက်သူများသည် အမြင့်ပေ ၄၃၀၀ ခန့်ရှိ နွားလပို့(ဗိုဘ့်)တောင်၊ အမြင့်ပေ ၄၆၀၀ ခန့်ရှိ ဆေးမွန်တောင်၊ ၄၇၅၅ ပေရှိ စပါးပုံတောင်နှင့် ပုပ္ပားတောင်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် ၄၉၈၁ ပေရှိ မှန်ပြတောင်များသို့ တက်ရာက်ကြကြောင်း သိရသည်။
ဒီပါလင်း