ညောင်ဦး ဒီဇင်ဘာ ၂၅
ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ သမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက် အအုံများတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိ ကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ထံက သိရသည်။
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများ စွယ်တော် သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလို ဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် လာရောက် လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်းပြည်ပခရီးသွား အဆက်မပြတ် သည့်မြို့ဖြစ်ကာ သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံး ပိတ်ရက်၊ ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်/ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်း ရှိနေသေး သည့် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွဲ တစ်နေရာနှင့် တစ်နေရာမဝေးကွာဘဲ တစ်ဆက်တစ်စပ်တည်း ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်း က ပြည်တွင်းပြည်ပ ခရီးသွားများကို အလွန်ပင်ဆွဲဆောင်လှကြောင်း ခရစ္စမတ်အားလပ်ရက် ပုဂံ-ညောင်ဦးဘုရားဖူး လာရောက်သူ ဦးရေ ၂၀၀၀၀ ကျော်ခန့် လာရောက်ဖူးမြော်ကြကြောင်း ရွှေစည်းခုံဘုရား ဂေါပကရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံမှ သိရသည်။
ဒီပါလင်း