သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် (၂၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

သာ​ကေတ ဒီဇင်ဘာ ၂၅

သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် ဂေါပကအဖွဲ့မှကြီးမှူး၍ (၂၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောဿတ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် အလှူရှင်များက တိုင်းသံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ မြတ်စွာဘုရားရှင်၊ ရဟန္တာလေးပါး၊ သာကေတမြို့နယ်အတွင်းရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော် (၂၅၅) ပါး၊ သီလရှင် (၂၀ )ပါး၊ စုစုပေါင်း (၂၈၀) ပါးကို ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ သာကေတ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ သာကေတမြို့နယ်အတွင်းရှိ ဋ္ဌာနဆိုင်ရာများ၊ အဖွဲအစည်းများ၊ တသီးပုဂ္ဂလအလှူရှင်များက ငွေကျပ်  (၁၆၅ သိန်း) ကျော် တန်ဖိုးရှိ ဆွမ်းဆန်တော်များကို လောင်းလှူခဲ့ကြ​ကြောင်း သိရသည်။

ထို့အပြင် ဘုရားပွဲတော် ပျော်ပွဲရွှင်ပွဲများကို စေတီတော်ပရိဝုဏ်မြေကွက်လပ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ ၁၀ ရက်တိုင် ကျင်းပသွားမည်ဖြစ်​​ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)