မိုင်းယု ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့က မြို့မရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်မိသားစုတို့၏ ခရစ်ယာန်ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေ့ဦးစွာ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ရာတွင် မိုင်းယုတပည့်တော်စုမှ သင်းအုပ်ဆရာမ ဒေါ်အဲလစ်ဇဘက် ဦးဆောင်သည့် မိုင်းယုမြို့ရှိ အသင်းတော်မိသားစုများနှင့်အတူ ပဏာမကျမ်းစာဖတ်ကြားခြင်း၊ လူငယ်ဂုဏ်ပြုတေးသီချင်းများသီဆိုကြခြင်း၊ တရားဒေသနာတော်ဖတ်ကြားခြင်း၊ ဓမ္မဒေသနာတော်များဖတ်ကြားခြင်း၊ မေတ္တာပို့ဆုတောင်းကြခြင်း၊ ဓမ္မတေးသီချင်းများ စုပေါင်းသီဆိုကြခြင်း၊ ခရစ်တော်အား ကျေးဇူးတော်ချီးမွန်းကြခြင်းနှင့် ကောင်းချီးမင်္ဂလာပေး ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် သင်းအုပ်ဆရာမနှင့်အတူ မိုင်းယုမြို့ရှိ အသင်းတော်မိသားစုများက ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အသင်းတော်မိသားစုများ၊ ပါဝင်ကူညီကြသည့် မိတ်ဆွေများ၊ လာရောက်မိတ်ဆုံစားကြသည့် ဧည့်သည်တော်တို့အား ကံစမ်းမဲနှိုက်အစီအစဉ်များ၊ ဓမ္မတေးသီဆိုယှဉ်ပြိုင်မှုများ၊ အာလူးကောက်နှင့် မုန့်စားပြိုင်ခြင်းများဖြင့် ခရစ်တော်မွေးနေ့ကို ပျော်ရွှင်စွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်