တာမွေ ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဝိဇ္ဇာခန်းမ၌ ယမန်နေ့ နံနက်ပိုင်း အချိန်က ၁၉၈၅ ခုနှစ် ဥပဒေဘွဲ့ရ ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ၁၉၈၅ ခုနှစ် ဥပဒေဘွဲ့ရ ကျောင်းသား/ကျောင်းသူဟောင်းများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြတ်ဆရာသီချင်းဖြင့် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြပြီး ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ခံ ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများမှ ဆုံးမဩဝါဒစကားနှင့် ဆုမွန်ကောင်းစကားများ ပြောကြား ခဲ့ပြီး ဥပဒေဘွဲ့ရ ကျောင်းသားဟောင်း ဦးသိန်းလွင်ဦးမှ ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ဒေါက်တာခင်ချစ်ချစ်မှ ရန်ကုန်တက္ကသိုလ်ရာပြည့် (၂၀၂၀) ခုနှစ်မှစ၍ ကန်တော့ခဲ့သော အသက်(၇၅)နှစ်အထက် ဥပဒေပညာဌာန ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ငွေနှင့် ငွေစာရင်းရှင်းတမ်းများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးဥက္ကဋ္ဌ ဦးဘတင့်ဆွေမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)