နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ ကျင်းပပြုလုပ်သည့် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဥတ္တရသီရိ ဒီဇင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူပေါင်းဖွင့်လှစ်သည့် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာသင်ဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင်  ပြည်သူတစ်ဦးချင်းအနေဖြင့် မြန်မာ စာတတ်မြောက်ရေးသည် တစ်ဦးချင်းစီ၏လူနေမှု ဘဝမြင့်မား တိုးတက်စေဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ထို့အတူ ရောင်းဝယ် ဖောက်ကားရေး အလုပ်လုပ်ရာတွင် အခြေခံသင်္ချာ တတ်မြောက်ဖို့အတွက် မဖြစ်မနေ လိုအပ်ပါကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင်လည်းကောင်း၊ အရောင်းအဝယ် လုပ်ငန်းဆောင်ရွက်ရာတွင် လည်းကောင်း၊ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းသည် မွေးဖွားချိန်မှစပြီး ကွယ်လွန်ချိန်အထိ မွေးစာရင်းပြု လုပ်ခြင်း၊ နိုင်ငံသားမှတ်ပုံတင် လျှောက်ထားရယူခြင်းနှင့် ဖွားသေစာရင်းများ ပြုလုပ်ခြင်းတို့အတွက်  ရုံးသုံးစာဖြစ်သည့် (အခြေခံမြန်မာစာ) တတ်မြောက်ရေးနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်ရာတွင် မှန်ကန်သော ဝင်ငွေရရှိရေးအတွက် (အခြေခံသင်္ချာ) တတ်မြောက်ရေးတို့ဟာ အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်သည့်အတွက် အလေးထားသင်ယူကြစေလိုကြောင်း၊ သင်တန်းနည်းပြ ဆရာ/ဆရာမများအနေဖြင့်လည်း သင်တန်းသား/ သင်တန်းသူများအပေါ် စေတနာထားပြီး ဂရုတစိုက်သင်ပြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား အင်္ကျီ၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်နှင့် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက သဲကျွန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတို့တွင် တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ကြည့်ရှုအားပေးကာ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးသင်တန်းကို မောင်းရမ်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၊ အောင်လံကျေးရွာ အ​ခြေခံပညာ မူလတန်းကျောင်း၊ မင်းကုန်းကျေးရွာ အ​ခြေခံပညာ အထက်တန်းကျောင်းနှင့် သဲကျွန်းကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းတို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ() ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ (၅၀) အား နေ့စဥ် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီထိ သင်တန်းနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)