လယ်ဝေးမြို့နယ်၌ အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာရှိ မိုးကုတ်ဝိပဿနာဘုန်းကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။       

ရှေးဦးစွာ မြို့နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ (၅၇)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့ အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးဝန်ထမ်းများ၏ စေတနာလုပ်အားဖြင့် စာတတ်မြောက်ရေး လှုပ်ရှားမှု များကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ရေရှည်တည်တံ့သည့် ပညာရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရေးမြင့်မားရေးကို ဦးစားပေးဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ လယ်ဝေးမြို့နယ်အနေဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီ ၏ လမ်းညွှန်ချက်နှင့် အညီ စီမံချက်ရေးဆွဲ၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ လယ်ဝေးမြို့နယ်အတွင်း စာသင်ဝိုင်း များ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ တစ်မျိုးသားလုံး စာတတ်မြောက်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်လွင်မှ မြို့နယ်အတွင်း စာသင်ဝိုင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့မှုအခြေအနေများနှင့် အခြေခံစာ တတ်မြောက်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စာသင်ဝိုင်းများတွင် စာသင်ကြားပို့ချမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

လယ်ဝေးမြို့နယ်အနေဖြင့် အခြေခံစာတတ်မြောက်ရေးဆောင်ရွက်မှုအနေဖြင့် စည်ပိုင်းကျေးရွာအုပ်စု၊ ရဘိန်းကျေးရွာအုပ်စု၊ အေလာကျေးရွာ အုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စုနှင့် အောင်သာကျေးရွာအုပ်စု ၅ အုပ်စုတွင် စာသင်ဝိုင်း ၁၃ ဝိုင်းဖွင့်လှစ်၍ တစ်ဝိုင်းလျှင် သင်တန်းနည်းပြ ၂ ဦးစီဖြင့် သင်တန်းသား ၁၄၆ ဦး တက်ရောက်လျက်ရှိသည်။ အဆိုပါ သင်တန်းအား ဒီဇင်ဘာ ၂၃ ရက်မှစ၍ တစ်နေ့လျှင် ၃ နာရီနှုန်းဖြင့် ရက်ပေါင်း ၄၀ ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။