ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဒုတိယနေ့အဖြစ် ယမန်နေ့နံနက် (၁၀း၀၀)နာရီ အချိန်မှ (၁၅း၀၀)နာရီ အချိန်ထိ ‌ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေါပုံမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပုသိမ်မြေရပ်ကွက်၊ ဝါဆိုရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ လမုတန်းရပ်ကွက်၊ ယမုံနာ(၁)ရပ်ကွက်၊ ယမုံနာ(၂)ရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်၊ သင်္ဘောကျင်းရပ်ကွက်စသည့် ရပ်ကွက်ပေါင်း (၈)ရပ်ကွက်မှ စုစုပေါင်း မဲဆန္ဒရှင်ပြည်သူ (၄၉၅)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ချစ်စုဝေ (ပြန်/ဆက်)