သထုံ ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့၊ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်က နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရာပြည့်အခမ်းအနားအား သုဝဏ္ဏဘူမိဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအသင်း အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဆရာတော်သံဃာတော်များထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ခြင်း၊ ရေစက်ချတရားတော်များ နာယူခြင်း၊ ဆွမ်းနှင့် လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ရာပြည့်ပွဲတော်တွင် မွန်ပြည်နယ်အတွင်းရှိ ဘိုးဘွားရိပ်သာတို့မှ ဘိုးဘွားများအား ဖိတ်ကြားကာ ပျော်ရွှင်စရာအစီအစဉ်များ ပြုလုပ်ပေးခြင်း၊ ကံစမ်းမဲဖောက်ပေးခြင်းနှင့် သထုံမြို့နယ်အတွင်းရှိ အလှူရှင်အသီးသီးတို့က တစ်ဦးချင်းနှင့် အဖွဲ့အလိုက် စားသောက်ဖွယ်ရာမျိုးစုံတို့ကို ဆိုင်ခန်းများဖွင့်လှစ်တည်ခင်းကာ မြို့လုံးကျွတ် နိဗ္ဗာန်ဈေးစတုဒိသာပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။
သထုံမြို့ရှိ သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာကို ၁၉၂၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွားဒေါ်ဦးဇွန်းမှ လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်လှူဒါန်းခြင်း၊ ခိုကိုးရာမဲ့ဘိုးဘွားများကို လက်ခံပြုစုစောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာ၌ ဘိုးဘွား ၁၈ ဦးတို့အား ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်