မိုင်းဆတ် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက်(၈)နာရီက နယ်မြေခံတပ်ရင်းရှိ ရန်ကြီးအောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမောင်ချိုက ကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်တို့၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာဗျူဟာ စီမံကိန်းပန်းတိုင်များ၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းဆိုင်ရာသိမှတ်ဖွယ်ရာများ ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဦးက အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြည်သူလူထု အသိပညာပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလွင်က ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရှာမွေလှက ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခြင်းကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးအောင်စိုးဝင်းက မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေငြာခြင်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဆန္ဒမဲပေးခြင်း လက်တွေ့သရုပ် ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)