ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အပန်းဖြေလည်ပတ်နိုင်ရေး နောင်တာလောရေလယ်ကျွန်းပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ဒုတိယအကြိမ် ဖွင့်လှစ်ပေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝတောတောင်ရေမြေကိုအခြေခံသည့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသသစ်များကို စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နောင်တာလောကျေးရွာအုပ်စုပိုင် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်း(သဲသောင်ပြင်)ပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ နောင်တာလောရေလယ်ကျွန်း သဲသောင်ပြင်ကမ်းခြေငယ်အပန်းဖြေစခန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် တည်ရှိပြီးဖြစ်သည့်  ရေမြေတော တောင်သဘာဝများကို အခြေခံပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျစီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ ရေလယ်ကျွန်းသဲသောင်ပြင် အပန်းဖြေစခန်း ဖွင့်လှစ်ပြီဖြစ်သည့်အတွက် လာရောက်လည်ပတ်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အလေးထားလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် သဲသောင်ပြင်ကမ်းခြေငယ်အပန်းဖြေစခန်းဖွင့်ပွဲအတွက် သိက္ခာတော်ရဆရာတော်ဦးရှန်လွမ့်က ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေနှင့် ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတူးခေါင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သဲသောင်ပြင်ကမ်းခြေငယ်ပေါ်တွင် အများပြည်သူ အပန်းဖြေနိုင်ရေး ရိုးရာစားသောက်ဆိုင်များ ဖွင့်လှစ်ထားရှိမှု၊ အပန်းဖြေတဲငယ်များ၊ ရောင်စုံထီးများ၊ ပန်းအလှများ၊ အမှတ်တရဓာတ်ပုံရိုက်ရန်နေရာများ အလှဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် Sport Zone တွင် သဲသောင်ပြင်ဘောလုံးကွင်း၊ ဘောလီဘောကွင်းနှင့် ပိုက်ကျော်ခြင်းတို့ဆောင်ရွက်သွားမည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သဲသောင်ပြင်အတွင်းရှိ မနောတိုင်ငယ်နှင့် မနောကွင်းပုံစံတူကွင်းအတွင်း မနောအကကို လာရောက်လည်ပတ်သူများနှင့်အတူတကွ ဆင်နွှဲခဲ့ကြသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတက်ရောက်သူများအတွက် ရိုးရာအစားအစာများကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်းအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမြန်ရေယာဉ်ဖြင့် ဧရာဝတီမြစ်အတွင်းမှ နောတာလောကျွန်း သဲသောင်ပြင်များပေါ်တွင် ဒေသခံများ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ရေပျော်ငှက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ သဲသောင်ပြင် ကမ်းခြေငယ်အပန်းဖြေစခန်းကို နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး မြစ်ကြီးနားမြို့မှ တစ်ဆင့်သွားရောက်လည်ပတ်မည့်သူများအနေဖြင့် ကချင်စုရပ်ကွက် စက်လှေဆိပ်နှင့်ကျွန်းပင်သာ လဖစက်လှေဆိပ်တို့မှ တစ်ဆင့်လာရောက်နိုင်ရေး စက်လှေအသင်းနှင့်ချိတ်ဆက်၍ စီမံဆောင်ရွက်ထားကြောင်း ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ပြည်နယ်ပြန်/ဆက်