ဆီဆိုင် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့်ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်စုံကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာဓမ္မာရုံတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထျာရယ်မှ မွေးမြူရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အသိပညာပေး သင်တန်းဆင်းပြီးပါက ပြန်လည်အသုံးပြုရန်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အသိပညာပေး သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ပင်စုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ခိုင်းနွားမွေးမြူရေးနည်းစနစ်များ၊ ကောင်းမွန်သော မိရိုးဖလာဝက်မွေးမြူရေးနည်းလမ်းများ၊ ဆာကိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝက်အားနည်းရောဂါ အကြောင်းများ၊ အရေပြားအကြိတ်နာရောဂါ(Lumpy Skin Disease)အကြောင်းသိကောင်းစရာများ၊ တိရစ္ဆာန်ရောဂါကာကွယ် ဆေးများဝက်ဝမ်းကျရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံခြင်းဖြင့်ဝက်ဝမ်းကျ ရောဂါဖြစ်ပွားမှုမှကြိုတင် ကာကွယ်နည်းများ၊ မျိုးဝက်မများနှင့်အသားတိုးဝက်များတွင် ဝက်ဝမ်းကျ ရောဂါကာကွယ်ဆေး ပုံမှန်ထိုးနှံနည်းများနှင့် နွားစာချဉ်ဖတ်ပြုလုပ်နည်းအဆင့်ဆင့်တို့ကို ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတို့အား မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှဝန်ထမ်းများက ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ (၇)ရက်ကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)