ဆီဆိုင် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ် ဦးခွန်အောင်မန်အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့် တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန် ရည်ရွယ်၍ ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲကိုကျင်းပရာ Grade-12 ကျောင်းသူ နန်းမြဦးမှ “လွတ်လပ်ရေးဆုံးရှုံးခဲ့ပုံ”၊ Grade-9 ကျောင်းသား ခွန်ဗွေခမ်းမှ “လွတ်လပ်ရေးပြန်လည်ရယူခဲ့ပုံ”၊ Grade-9 ကျောင်းသား ခွန်ခန့်ဝင်းမှ “လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတော်များကျင်းပကာလွတ်လပ် ရေးနေ့ကို ထိန်းသိမ်းကြ ပုံ”၊ Grade-9 ကျောင်းသား မောင်ဘုန်းတစ်ကျော်မှ “လွတ်လပ်ရေး၏တန်ဖိုးနှင့် ရရှိပြီးသောလွတ်လပ် ရေးကို လူငယ်များအနေဖြင့်တန်ဖိုးထားထိန်းသိမ်းသင့်ပုံ”၊ Grade-12 ကျောင်းသူ နန်းချန်လေမှ “၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုပြောကြား” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓါတ်ပုံများနှင့်စာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွင်ပွဲအဖြစ် အားကစားပြိုင်ပွဲများပြုလုပ်ပေး၍ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)