ကျောက်ဆည်မြို့နယ် ဗလီကွင်းကျေးရွာတွင် စိုက်ပျိုးထားသော သင်္ဘောစိုက်ခြင်းများ အောင်မြင် ဖြစ်ထွန်း

ကျောက်ဆည်  ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဗလီကွင်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရွှေနီ(၁၆၈) သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သင်္ဘောစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ ဆည်ရေရှိသည့်နေရာများတွင် စပါးသီးနှံစိုက်ပျိုးပြီး ဆည်ရေမရသည့်ယာမြေများတွင်  မြေအောက်ရေနှင့်မိုးရေကို အဓိထားပြီး ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နေကြာ၊ သင်္ဘောနှင့် ကာလတိုသီးနှံများ စိုက်ပျိုးကြောင်းနှင့် သင်္ဘောစိုက်ပျိုးသည့်အခါတွင် အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များရွေးချယ်ကာ နေရောင်ခြည် ကောင်းစွာရှိစေရန်နှင့် လေအဝင်အထွက်ကောင်းမွန်စေရန်အတွက် မြေဘောင်များပြုလုပ်၍ တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၁၆)ပေအကွာခန့် စိုက်ပျိုးပါက အသီးအထွက်နှုန်ကောင်းပြီး သီးလုံး ပို၍လှပကြောင်းနှင့် လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေးနှင့်ပိုးသတ်ဆေးများ ဖျန်းပေးရ ကြောင်းနှင့် ရာသီဥတုအခြေအနေအပေါ်တွင် မူတည်၍ ရေသွင်းပေးခြင်း၊ မြေဩဇာကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း တောင်သူဦးဖိုကဲးက ပြောပြ၍ သိရသည်။

သင်္ဘောပင်သည် စိုက်ပျိုးပြီး အပင်သက်တမ်း(၆)လခန့်တွင် ရောင်းတန်းဝင် သင်္ဘာသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဒေသအလိုက် မြေအနေအထားနှင့် အပင်အပြုအစုအပေါ်မူတည်ပြီး ခူးဆွတ် ရောင်းချချိန် (၈)လခန့်ကြာအောင်ခူးဆွတ်ရကြောင်းနှင့် ရောင်းချသည့်အခါပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ပြီး ရောင်းတန်းဝင်အသီးသီးနှုန်းခန့်မှန်းပြီး သင်္ဘောအသီး(၃၅လုံး-၄၀လုံး) ခန့်ဝင်သော သံသေတ္တာတစ်လုံးလျှင် ငွေကျပ်(၁၇၀၀၀)မှ(၂၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်းနှင့် သင်္ဘောသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ပြီး အပင်ပြုစုနိုင်ပါက အကျိုးအမြတ်ရရှိသောကြောင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)