စစ်တွေ ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်အကြို ထောက်ပံ့ဂုဏ်ပြုပွဲ အခမ်းအနားကိုယမန်နေ့ မွန်လွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့နယ်ရှိ ခရစ်ယာန်အသင်း၊ ဘုရားရှိခိုးကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခရစ္စမတ်ပွဲတော်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က အပြစ်မှောင်မိုက် ဖုံးလွှမ်းနေသည့် လူသားများကို အပြစ်တရားမှလွတ်မြောက်ပြီး ထာဝရအလင်း ကယ်တင်ခြင်းရရှိရန် ထာဝရဘုရားသခင်၏ တစ်ပါးတည်းသော သားတော်အနေဖြင့် လူ့ဇာတိခံယူခဲ့သော သခင်ယေရှု၏ မွေးနေ့ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် ခရစ်တော်၏မွေးနေ့ ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်ဘာသာဝင်တို့၏ စိတ်နှလုံးသားထဲမှာ ယနေ့ဖွားမြင်သည့်အလား ခံစားကြရပြီးဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းတို့ကို ခံယူကျင့်သုံး ကြရသည့် ပွဲတော်ဖြစ်လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင်အားလုံးတို့၏ ကျေးဇူးရှင်ခရစ်တော်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာဖွားမြင် တော်မူခဲ့ခြင်းဖြစ်၍ မမေ့စကောင်းအပ်သည့် နေ့ထူးနေ့မြတ်အဖြစ် သတိရအောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်များ နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ ခရစ္စမတ်ပွဲတော်ကာလအတွင်း ပွဲတော်၏အနှစ်သာရဖြစ်သည့် လူသားများအချင်းချင်း မေတ္တာပွားများကြရန်၊ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းသာယာမှုများ ထွန်းကားရန်ဆိုသည့် ဆုတောင်းသံများသည်လည်း တစ်ကမ္ဘာလုံးအနှံ့ပျံ့လွင့်စေလျက် ကမ္ဘာ့လူသားများ၏ နှလုံးသားများကို ရိုက်ခတ်လျက်ရှိမည်ဆိုသည်ကို ယုံကြည်မိပါကြောင်း၊ မေတ္တာတော်ရှင် ယေရှုခရစ်တော်၏မွေးနေ့တော် ဂုဏ်ကျေးဇူးတို့ကို အောက်မေ့ဆင်ခြင်နေကြသည့် မင်္ဂလာအခါသမယမှာ မွေးနေ့တော်၏ အနှစ်သာရများဖြစ်သည့် မေတ္တာတရားပြည့်ဝခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ ငြိမ်းချမ်းငြိမ်သက်ခြင်း၊ ဖြောင့်မတ်သစ္စာရှိခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းဆိုသည့် ခရစ် တော်၏ အမွန်အမြတ်တရားများ ကမ္ဘာသူကမ္ဘာသားများအပေါ်အစဉ်ထာဝရ လွှမ်းခြုံနေစေရန် ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများဖြစ်သည့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားပြည်သူအ ပေါင်းတို့ကလည်း ခရစ်တော် ဟောကြားခဲ့သည့် အဆုံးအမများနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ကြပြီး မိမိတို့မှီတင်းနေထိုင်ရာ ရခိုင်ပြည်နယ်၏အကျိုးကို အဖက်ဖက်မှဝိုင်းဝန်း ကူညီပံ့ပိုးပေးစွမ်းနိုင်ကြသည့် ဘုရားသခင်၏သားကောင်း သမီးရတနာများ ဖြစ်နိုင်ကြပါစေဟု ခရစ္စမတ်အကြို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍နှစ်ခြင်းခရစ်ယာန်အသင်းတော် သိက္ခာတော်ရဖာသာ ဦးအောင်လင်းက ခရစ္စမတ်ဆုတောင်း မေတ္တာပို့သပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ခရစ်ယာန်အသင်းတော်များအား ထောက်ပံ့ငွေ နှင့်ဆန်များကို ပေးအပ်သည်။
ထို့နောက် ခရစ်ယာန်အသင်းတော်များ၊ ဘုရားရှိခိုးကျောင်းများမှ လူငယ်များက ခရစ္စမတ်သီချင်း ဖြင့်သီဆို ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်အား မရာဧဝံဂလိအသင်းတော်မှ သိက္ခာတော်ရ ဖာသာ အက်စ်လားထိုက်က ခရစ္စမတ်လက်ဆောင်ပေးအပ်ကာ ရှင်မာကုကသီဒြယ်ဘုရားကျောင်း အင်္ဂလီကန် အသင်းတော် ခရစ်ယာန် ဘုန်းတော်ကြီး ဖာသာလှိုင်ဝင်းက ကျေးဇူးတင်စကားပြောကြားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၃ ခုနှစ်၊ ခရစ္စမတ်အကြို ထောက်ပံ့ဂုဏ်ပြုရာတွင် စစ်တွေမြို့နယ်ရှိ ရွှေနှလုံးတော်(ရိုမန်ကက်သလစ်အသင်းတော်)၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ရှင်မာကု ကသီဒြယ်ဘုရား ကျောင်း(အင်္ဂလီကန်အသင်းတော်)နှင့်မရာဧဝံဂလိအသင်းတော်တို့ကို ထောက်ပံ့ငွေနှင့် ဆန်များ ဂုဏ်ပြု ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)