နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၄

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာကားဝန်းဟောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်း ဝန်နှင့် ဌာနကြီးမှူများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် MSME အသင်း ဥက္ကဋ္ဌ နှင့် MSME အေဂျင်စီအဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော် များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် MSME လုပ်ငန်းများသည် ပြည်တွင်း စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ပြည်တွင်းထုတ်ကုန်များ အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိရန်စသည့် အချက်များနှင့်အညီ ဒေသတွင်းပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုသည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေး အသား၊ ငါးကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကိုအားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်းသာမက ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရေးကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများ ဈေးကွက်ရရှိရေးအတွက် ပြည်ထောင်စုနယ်မြေအတွင်းတွင် မြို့နယ်အလိုက် MSME ဈေးရောင်း ပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ရာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၉)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ ပါကြောင်၊  ဈေးရောင်းပွဲတော်များ ကျင်းပခြင်းဖြင့် MSME များ ဈေးကွက်ရရှိခြင်း၊ လုပ်ငန်းရှင်များ အချင်းချင်း ဈေးကွက်ချိတ်ဆက်လာနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုဆိုင်ရာနည်းပညာများ၊ အရည်အသွေးမြင့်ထုပ်ပိုးမှုများကို လေ့လာသိရှိလာခြင်း၊ MSMEထုတ်ကုန်များအား အများပြည်သူများက သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပြီး လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်သောကြောင့် သက်ဆိုင်ရာ ဌာနများအနေဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်နည်းပညာများ ခေတ်မီတိုးတက်ရေးအတွက် Research & Innovation လုပ်ငန်းများ ဆောင်ရွက်ကြဖို့နှင့် ငွေကြေးနည်းပညာ ဈေးကွက်ရရှိ ရေးအတွက် လည်းဆက်စပ် ဝန်ကြီးဌာနများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များပူးပေါင်း ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန် ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲသာမက စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုထည်ပစ္စည်းစတဲ့ ထုတ်ကုန်ပစ္စည်း များအပေါ် ထုတ်ကုန်အမျိုးအစား အလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးပြီးကဏ္ဍအလိုက် ဆုများချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံတဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် Value Added လုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများကို ရေရှည်တည်တံ့ သော MSME လုပ်ငန်းများဖြစ်စေရေးအတွက် အားလုံးက ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်းပြောကြားသည်။

ယင်းနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့်ဈေးရောင်းပွဲတော်အခမ်းအနားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော် MSMEအသင်းဥက္ကဋ္ဌ ဦးကျော်စွာဝင်း တို့ကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူသည် တာဝန်ရှိသူများ နှင့်အတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက သွေးချင်းတို့ဌာနေ မြန်မာပြည်သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဦးရွှေရိုး ဒေါ်မိုး သီချင်းဖြင့်လည်းကောင်း၊ Music Brand အဖွဲ့မှ စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး က သီဆိုဖျော်ဖြေကြသည့် ကျောင်းသား ကျောင်းသူများနှင့် Music Brand အဖွဲ့အား  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နေပြည်တော် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင် များ၏ ဒေသထွက်ထုတ်ကုန် အရောင်းပြခန်း ဆိုင်ခန်း ၃၈ ခန်းဖြင့် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ  ပြသရောင်းချမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ MSME လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာစေရန်၊ ပါဝင်ပြသသူ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်ရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှုအထိ လုပ်ငန်းစဉ်တစ်လျှောက် လိုအပ်ချက်များကို ပိုမိုနားလည်ဆန်းစစ် အဖြေရှာ နိုင်စေရန်နှင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် MSME လုပ်ငန်းများနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Regional Trade Promotion မှ International Market အထိ လွယ်ကူလျင်မြန်စွာ ထိုးဖောက်ဝင်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)