ပင်လုံ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မြို့မဈေး၌ လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ပင်လုံမြို့ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်သူပြည်သူများအား ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူများကို အရေးယူမှု စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ပင်လုံမြို့ အုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့ မီးသတ်ဦးစီးဌာန၊ ပင်လုံမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ပြီး ပင်လုံမြို့ယာယီ ပျံကျဈေးအတွင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသည့် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား စာရင်းပြုစုထားခြင်းများပြုလုပ်၍ စည်းကမ်းလိုက်နာမှုအားနည်းသူ (၅၃)ဦးတို့ကို ဒဏ်ငွေ(၁၅၀)ကျပ်၊ Mask တန်ဖိုး(၅၀)ကျပ်၊ စုစုပေါင်း (၂၀၀)ကျပ်စီကို ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါဒဏ်ငွေ (၇၉၅၀)ကျပ် အား လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ပေးသွင်းရာ တန်ဖိုးငွေ (၂၆၅၀) ကျပ်အား နှာခေါင်းစည်း(Mask)များ ပြန်လည်ဝယ်ယူဖြည့်တင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)