ဒဂုံမြောက် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့မှစတင်၍ ခရိုင်နယ်မြေအလိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ပထမနေ့ အဖြစ် ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှ ညနေ၃နာရီအချိန်အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ(၂၈၃)ဦး၊ စုစုပေါင်း(၄၁၈)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ကြီးကြပ်၍ ရှင်းလင်းပြသ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မြင့်မြင့်ရီ