သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ခရစ္စမတ် မိတ်သဟာယ ညစာ စားပွဲကျင်းပ

တာမွေ  ဒီဇင်ဘာ   ၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ္စမတ်မိတ်သဟာယ ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကံဘဲ့နှစ်ခြင်း ခရစ်ယာန်ဓမ္မရိပ်သာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သိက္ခာတော်ရ ဆရာဒေါက်တာစောစေးခူက အဖွင့်ဆုတောင်းခဲ့ပြီး တက်ရောက်လာကြသူများက မတ်တပ်ရပ်၍ ခရစ္စမတ်သီချင်းအား သီဆိုခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် သိက္ခာတော်ရ ဆရာဒေါက်တာအေးမင်းက ခရစ္စမတ် သတင်းကောင်း ဝေငှခဲ့ပြီး ဦးမိုးဇက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တည့်ခင်းဧည့်ခံကျွေးမွေးသော အစားအစာအတွက် ဦးမျိုးဇော်က ကျေးဇူးတော် ချီးမွမ်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

မိမိတို့ နေထိုင်ရာ ဒေသအတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်းတစ်ဦး၏ သဘောတရား၊ ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန် လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်၊ ဒေသအတွင်း၌ ဘာသာရေးပဋိပက္ခများ(သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေးနှင့် လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသားကြန်အင်လက္ခဏာကို မပျောက်ပျက်အောင် ထိန်းသိမ်းရင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘာသာရေးနှင့် ဆက်နွယ်သော အခြားနစ်နာမှု များရှိလာပါက ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အား တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)