မြင်းခြံမြို့၌ မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်သင်ကြား

မြင်းခြံ ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က မြင်းခြံမြို့အ.ထ.က(၁)ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။

"ပထမအကြိမ် Grade-5 သင်ရိုးသစ်သင်တန်းကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာ/ဆရာမများအတွက် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပါတယ်။ Grade-5 သင်ကြားနေသည့် ဆရာ/ဆရာမများအနေဖြင့် သင်ရိုးသစ် သင်ခန်းစာများကို ကျောင်းသား/ကျောင်းသူများအတွက် ထိရောက်စွာ သင်ကြားနိုင်စေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံက သိရသည်။

အဆိုပါသင်တန်းကို မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ(၂၀၀)ဦး၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမ(၁၇)ဦးတို့အား ဒီဇင်ဘာ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ နည်းပြဆရာ/ဆရာမ(၁၀)ဦးဖြင့် (၄)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)