မြစ်ကြီးနား ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့၏ မိသားစု ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ပြည်နယ်အစိုးရအဖွဲ့၏ မိသားစုခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်သို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြရာ ရိုးရာဧည့်ကြို အကအဖွဲ့က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ရှေးဦးစွာ ဝတ်ပြုဆုတောင်းပွဲကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များက ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်က ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းနှင့်အတူ ခရစ်တော်မွေးနေ့မင်္ဂလာပွဲတော်ကို ယခုကဲ့သို့ ဌာနဆိုင်ရာများ၊ မိတ်ဆွေများနှင့်အတူ အတူတကွ ကျင်းပပြုလုပ်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့်ရရှိသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ဘုန်းတော်ကြီး ဖာသာဒေါက်တာယုံဝါ၊ သိက္ခာတော်ရဆရာများ၏ ဦးဆောင်မှုနှင့်အတူ ဝတ်ပြုဆုတောင်းပွဲအစီအစဉ်အဖြစ် ကျမ်းစာဖတ်ခြင်း၊ ဓမ္မတေးသီချင်းသီဆိုဆက်ကပ်ခြင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ခရစ္စမတ်ဓမ္မသံချပ်ရွတ်ခြင်း၊ ကောင်းချီးတောင်းခံခြင်း၊ ဓမ္မဒေသနာတော်ဟောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုန်းတော်ကြီးများနှင့် သိက္ခာတော်ရဆရာတို့အတွက် ခရစ္စမတ်လက်ဆောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးက ခရစ္စမတ်ပွဲတော်ကာလအတွင်း ဝန်ထမ်းမိသားစုများ၏ သတင်းကောင်း လှည့်လည်ဝေငှခဲ့သည့်အတွက် လှူဒါန်းလက်ခံရရှိသည့် အလှူငွေများအား ပြန်လည်လှူဒါန်းပေးအပ်သွားမည့်အစီ အစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က အလှူငွေများကို နှစ်ခြင်းခရစ်ယာန်အသင်းတော်များနှင့် ကက်သလစ်အသင်းတော် (၆)သင်း၊ မျက်မမြင်ကျောင်း (၁)ကျောင်းနှင့် မိဘမဲ့ဂေဟာ (၃ခုတို့အတွက် အလှူငွေကျပ်သိန်း (၁၀၀)နှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအတွက် သာရေး၊ နာရေးနှင့် အရင်းမပျောက်မတည်ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းမှူးနှင့် ဇနီးတို့က ပြည်နယ်အစိုးရအဖွဲ့ဝင်များအတွက် ခရစ္စမတ်လက်ဆောင်များကို လက်ဆောင်ပေးအပ်ပြီး ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြရာ ဝန်ထမ်းမိသားစုများက ခရစ္စမတ်တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)