ညောင်ဦး ဒီဇင်ဘာ ၂၃
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ Royal Palace Hotel ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်အလုပ်သမား ရေးရာဥပဒေများ အသိပညာပေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ အလုပ် သမားရေးရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ခံများ၊ လုပ်ငန်းရှင်များနှင့် NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ခံများ၊ ဖိတ်ကြားထားသူများ အင်အား(၁၀၈)ဦးခန့်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖောင်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ် ကြွယ်ဝမှုအပေါ်တွင်မူတည်ကြောင်း၊ စီးပွားရေးကို ကောင်းမွန်အောင်လုပ်ဆောင်နိုင်သည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်နိုင်သည့် လူသားအရင်း အမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာရေး၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေး နိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မူဝါဒ များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အလုပ်အကိုင်အခွင့်အ လမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သက်မွေးနှင့်ကျွမ်းကျင်မှုသင်တန်းများကို ၂၀၂၁ ခု နှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ၁၂၅ ကြိမ်သင်တန်းပေးခဲ့ပြီး သင်တန်းသား (၁၈၃၁)ဦးအနက် (၄၆၁)ဦးကို အလုပ်ရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကျွမ်း ကျင်လုပ်သားများ၊ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားကျွမ်းကျင်မှု စံ သတ်မှတ် ပြဌာန်းရေးအဖွဲ့ (NSSA)ကို ၂၀၀၇ ခုနှစ်တွင်ဖွဲ့စည်း၍ ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်(၂၃)မျိုးအတွက် (NSSA)အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၃၃)ခုကို တည်ထောင်၍ ၂၀၁၄ ခုနှစ်မှယနေ့ အထိဖြေဆိုသူ (၃၆၇၈)ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အရည်အသွေးပြည့်မီသူ (၃၅၁၂)ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်းပြောကြားသည်။ဆက်လက်၍ ဒုတိယဝန်ကြီးက ဟိုတယ်အလုပ်အကိုင်အတွက် Sanon Training Restaurant Assessment Center ယွန်းလုပ်ငန်း၊ ရက်ကန်းအလုပ်အကိုင်အတွက် ယွန်းပညာကောလိပ်(ပုဂံ)ကို NSSA အသိအမှတ်ပြု Assessment Center အဖြစ်အသိအမှတ်ပြုထားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း စက်ရက်ကန်း၊ လက်ရက်ကန်း၊ချိတ်ရက်ကန်း၊ ရွှေဇဝါယွန်းနဲ့ အနက်ထည်အလုပ်အကိုင် တို့အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခဲ့ရာ ဖြေဆိုသူ(၄၁)ဦးရှိပြီး အရည်အသွေးပြည့်မီသူ (၄၁)ဦးမွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း၊ ယွန်းနှင့်ရက်ကန်းလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းများအပြင် MSME လုပ်ငန်းများ အများအပြားရှိကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးကျွမ်းကျင်လုပ်သားများစဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ၊ ဒေသခံများအနေဖြင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းလုပ် ငန်းများတွင် ပူးပေါင်းပါဝင်ကြဖို့လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်လေ့လာသော နယ်မြေဖြစ်၍ ဟိုတယ်နှင့်ခရီးသွားလာမှု လုပ်ငန်းအဖြစ်ထွန်းဆုံးဒေသဖြစ်ကြောင်း၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင်ပညာရှင်များလိုအပ်၍ လုပ်ငန်းရှင်များအနေဖြင့် NSSA နှင့်ချိတ်ဆက် ပြီး ကျွမ်းကျင်လုပ်သားများ စစ်ဆေးအကဲဖြတ် နိုင်ရေး Assessment Center များ တည်ထောင်နိုင်ရေးနှင့် NSSA စစ်ဆေးအကဲဖြတ်ခြင်းများတွင် ဝင်ရောက်ဖြေဆိုနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရကာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း