၃၂ ကြိမ်မြောက် အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် မဟာပဋ္ဌာန်း စတင်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ညောင်ဦး  ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ၁၃၈၅ ခုနှစ်၊ နတ်တော် လဆန်း(၁၀)ရက်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ကာ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ၃၂ ကြိမ်မြောက် အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဗုဒ္ဓပူဇနိယပွဲတော်အားဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပဏ္ဍိတမှထံမှ ငါးပါးသီလံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များမှ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၃၂ ကြိမ်မြောက် အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနားအား အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များက အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပွဲစတင်၍ ရွတ်ဖတ်ပူဇော်နေပြီဖြစ်ကြောင်းသိရကာ နတ်တော်လဆန်း(၁၀)ရက်မှ (၁၄)ရက်နေ့ထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း