ချောင်းဆုံ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲအဆင်ပြေချောမွေစွာ ကျင်းပနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ (ထက်၊လယ်၊မူ)ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများအား စာမေးပွဲဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ချောင်းဆုံ(အထက)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာန မော်လမြိုင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာက ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် (Grade-5) စာမေးပွဲအတွက် စာစစ်ဌာန (၄၀) ခုတွင် ကျင်းပနိုင်ရေးစီစဉ်ထားကြောင်း၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရမည့်စည်းကမ်းများ၊ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် တာဝန်များကို အသေးစိတ်ဆွေးနွေး ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ မော်လမြိုင်ခရိုင် အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း (၁၁၁) ကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ဆရာမ (၂၂၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)