စစ်တွေ ဒီဇင်ဘာ ၂၃
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စတင်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ လမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲကြသည်။
ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်း ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။
ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၄၀၀)ကျော်တို့ ပါဝင် ဆင်နွှခဲ့ကြသည်။
အလားတူ လမ်းလျှောက်ပွဲအပြီးတွင် အားကစားပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
စစ်တွေမြို့၌ ဒီဇင်ဘာလတွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)