ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းဆင့် (Grade-5) သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း  ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မူလတန်းဆင့် (Grade-5) သင်ရိုးသစ် ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်တန်းတက်ရောက်ကြမည့် ဆရာ/ဆရာများအနေဖြင့် သင်တန်းတက်ရောက်ရမည့်အချိန်ကို အကျိုးရှိအောင် ကြိုးစားသင်ယူ လေ့လာမှတ်သားသွားကြရန်နှင့် သင်တန်းစည်းကမ်း ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး၊ ဖွင့်ပွဲအခမ်း အနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ မူလတန်းဆင့် (Grade-5) သင်ရိုးသစ် ဆင့်ပွားသင်တန်းတွင် Grade-5 တွင် လက်ရှိသင်ကြားနေသည့် လက်ထောက်မူလတန်းပြ၊ ဒုတိယမူလတန်းပြနှင့်မူလတန်းပြအစရှိသည့်၊ မူလတန်းအဆင့်သင် ဆရာ/ဆရာမ (၃၂၉)ဦးနှင့် နည်းပြ ဆရာ/ဆရာမ(၂၀)ဦး စုစုပေါင်း (၃၄၉)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရပြီး၊ Grade-5 သင်ရိုးညွှန်းတန်းများဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့်လူမှုရေးဘာသာရပ်ဆိုင်ရာနှင့်ပတ်သက်သည့် စနစ်သစ်သင်ကြားနည်း စနစ်များကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ (၂၃-၁၂-၂၀၂၃)ရက်နေ့မှ (၂၆-၁၂-၂၀၂၃) ရက်နေ့အထိ (၄)ရက်ဖြစ်ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့်ဒုတိယပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့်ကြီးကြပ်သူများ၊ သင်တန်းသား ဆရာ/ဆရာမများ စုစုပေါင်း (၃၅၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)