မလှိုင် ၊ ဒီဇင်ဘာ ၂၃
မလှိုင်မြို့၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်းအထိ အသွား/အပြန် (၃)မိုင်ခန့် စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၆၄၉)ဦး ပါဝင်ဆင်နွဲခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့မအားကစားကွင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲသွင်ဦးဆောင်၍ သွေးပူလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁) အတွဲ(၂)နှင့် E.I.M အကများဖြင့် တစ်ပျော်တစ်ပါးလေ့ကျင့်ခဲ့ကြပြီး ကောက်ညှင်းပေါင်းနှင့် အကြော်များဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်အပြီးတွင် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဂေါက်သီးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုငွေများချီးမြှင့်ပေးခဲ့သည်။
အောင်ဌေး (မလှိုင်)