တွံ​တေးမြို့နယ် အ.ထ.က(ခွဲ) ကျွန်းတောကျောင်းတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်

တွံတေး    ဒီဇင်ဘာ   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တွံတေးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာအထက်တန်းကျောင်း(ကျွန်းတော)တို့ ပူးပေါင်းကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(ခွဲ) ကျွန်းတော၌ သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးခရိုင်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါက်တာကြီးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ အ.ထ.က(ခွဲ) ကျွန်းတော ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးငယ်ငယ်ထွန်းမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာ၊ ဆရာမများက ပထမနေ့တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ လူနာဆန်းစစ်ခြင်း၊စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ လူနာသယ်ဆောင်ခြင်းနှင့် ကိုင်တွယ်ခြင်းကိုလည်းကောင်း၊ ဒုတိယနေ့တွင် အပူလောင်ခြင်း၊ အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ သတ္တဝါများ ကိုက်ခြင်း/တုပ်ခြင်း/အဆိပ်သင့်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ကြွက်သားနှင့်ရိုးဆက်အကြောဒဏ်ရာများကိုလည်းကောင်း၊ တတိယနေ့တွင် ဆို့နင့်ခြင်း၊ အခြေခံအသက်ကယ်အထောက် အကူပြုနည်းများကို စာတွေ့/လက်တွေ့ (၃) ရက် တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတောမှ ကျောင်းသား၊ကျောင်းသူ(၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

တွံတေးသား