လှိုင် အောက်တိုဘာ ၂၇
လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက် မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးက အထူးရဲသင်တန်း ဖွင့်လှစ်မှုအခြေအနေ၊ လုံခြုံရေး တာဝန်ချထား မှုအခြေအနေ၊ မဲရေတွက်ချိန် လုံခြုံရေးတာဝန်ချထားမှုအခြေအနေနှင့် ရွေးကောက်ပွဲ ကျင်းပစဉ် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက မဲရုံများ စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်ရန်၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက မည်သို့ဆောင်ရွက်ကြရမည်ကို ရွေးကောက်ပွဲ အထူးရဲများအား လက်တွေ့လေ့ကျင့် သင်တန်းပေးထားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရန် မှာကြားဆွေးနွေးခဲ့ သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်နီနီစိုးက အသက်(၆၀)နှစ်နှင့်အထက် ကြို တင်ဆန္ဒမဲပေး နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများအား ဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက သိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြ သည်။ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)