လှိုင် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီးတွင် ပထမအကြိမ်မြောက်အဖြစ် စန္ဒီဘယဆေးမှ ဦးဆောင်၍ တိုင်းရင်းဆေး မိသားစုများ မေတ္တာပြည့်ဝ သာသနာပြုအသင်း နှစ်ဦးဓမ္မသဘင်အလှူရှင်များ၊ တိုင်းကြက်ခြေနီ အသင်းတို့မှ စုပေါင်း၍ ရန်ကုန် တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တို့မှ မြို့နယ်(၂၂)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ စုစုပေါင်း(၃၆၀)ကျောင်းသို့ အလှူရှင်များက စုစုပေါင်းကျပ်သိန်း(၅၆,၅၉၂,၀၀၀)ဘိုးရှိ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုအလှူငွေများမှ ကျောင်းတိုက်(၃၆၀)ကျောင်းသို့ တစ်ကျောင်းလျှင် ဆွမ်းဆန်တော်(တစ်အိတ်)၊ ဆီ (ဆယ်ပိဿာ)၊ ဆား(တစ်အိတ်)၊ ဆေးမျိုးစုံ၊ လက်သန့်ဆေးရည်၊ Mask (တစ်အိတ်)၊ ကုလားပဲ(၁၅ပိဿာ)၊ အာလူး(၁၅ပိဿာ)၊ ခေါက်ဆွဲ ခြောက်(သုံးဖာ)၊ ကော်ဖီမစ်(သုံးပါကင်)၊ ကြက်သွန်နီ(၁၅ပိဿာ)၊ စုစုပေါင်း အခြေခံပစ္စည်း(၉)မျိုးနှင့် တိုင်းရင်းဆေးဝါးများအား လှူဒါန်းသွား မည်ဖြစ်သည်။ အဆိုပါဆွမ်းဆန်စိမ်း(၉)မျိုးအား ယမန်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်(၁၁)တိုက်သို့ တိုင်းကြက်ခြေနီအဖွဲ့နှင့် လှိုင်မြို့နယ် ကြက်ခြေနီအဖွဲ့များက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဒုတိယအကြိမ်အဖြစ် ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့ရှိ မြို့နယ်(၁၇)မြို့နယ်တို့မှ ဆွမ်းဆန် တော် လှူဒါန်းရန် လိုအပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့လည်း ဆက်လက် လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)