မန္တလေးတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ် အင်းဝဆောင်(၉)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါးဟောပြောပွဲတွင် မန္တလေးတက္ကသိုလ် သင်တန်းရေးရာ (ဌာနမှူး) ဦးဇော်လင်းထွန်းက မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ ဟောပြောပွဲကျင်းရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား‌ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး စာရေးဆရာမကြီး ဒေါ်မြင့်မြင့်သန်း မေကျော်(ပြန်/ဆက်)က မူးယစ်ဆေးဝါးသည် စိတ်ကိုပြောင်းလဲစေတတ်သော  ဆေးဝါးတစ်မျိုးဖြစ်ကြောင်း၊ အဆိုပါ ဆေးဝါးအန္တရာယ်များကို လူငယ်လူရွယ်များအနေဖြင့် စမ်းသပ်မသုံးမိစေရန်၊ မူးယစ်ဆေးဝါးသည် လူအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အနှောက်အယှက်ဖြစ်စေနိုင်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် ကျောင်းနေအရွယ်တွင် ပညာရေးကိုသာအဓိကထား လေ့လာသင်ယူသင့်ကြောင်း၊ မူးယစ်ဆေးဝါးသည် မိမိကိုယ်သာမက မိသားစုကိုပါ စိတ်သောကရောက်စေပြီး၊ မိမိပတ်ဝန်းကျင် သုံးစွဲနေသူများတွေရှိပါက တားမြစ်သင့်ကြောင်း စသည့်အ‌ကြောင်းအရာများအား အကျယ်တဝင့်ရှင်းခဲ့ပြီးနောက် မန္တလေးတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာတင်မိုးလွင်မှ မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းဆိုင်ရာသိသင့်သော ဥပဒေပြဌာန်းချက်များအား အသိပညာပေးဟောပြော၍ တက်ရောက်လာ‌သော ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအကြောင်း မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဟောပြောပေးခဲ့သော တာဝန်ရှိသူ(၂)ဦးအား မန္တလေးတက္ကသိုလ် ဒု-ပါ‌မောက္ခချုပ် ဆရာမကြီးဒေါက်တာ ဒေါ်သဇင်မှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားအား  မန္တလေးတက္ကသိုလ် ဒု-ပါ‌မောက္ခချုပ် ဆရာမကြီးဒေါက်တာ သုနန္ဒာ၊ ဒုပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီအောင်၊ ဒု-ပါမောက္ခချုပ်ဒေါက်တာ ဒေါ်သဇင် တွဲဖက်ပါမောက္ခများ၊ ဥပဒေပညာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာတင်မိုးလွင်၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံဌာနမှူးများ၊   မန္တ‌လေးတက္ကသိုလ် ဆရာ/ဆရာမများ၊‌ ကျောင်းသား/သူများ၊ သင်ကြားစီမံဌာန‌ပေါင်းစုံဝန်ထမ်းများ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း