မိုင်းယန်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပြုလုပ်ရန် လျာထားသည့် သတ်မှတ်နေရာများအား ယမန် နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုပြုလုပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်သိန်း နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးနိုင်ရန် မဲရုံပြုလုပ်မည့် လျာထားနေရာများသို့ သွားရောက်၍ မဲရုံအား လေဝင်/လေထွက် ကောင်းမွန်သော နေရာ၊ လူဦးရေထူထပ်မှု မရှိစေရေး၊ မဲရုံ အဝင်/ထွက်လမ်း၊ မဲရုံပြင်ပနှင့် မဲရုံအတွင်း တစ်ဦးနှင့်တစ်ဦး ကွာခြားရမည့်အကွာအဝေး၊ မဲရုံပရဝုဏ်အတွင်းတွင် မဲဆန္ဒရှင် ပြည်သူများအတွက် လက်ဆေးရန်နေရာများ၊ အဖုံးပါသော အမှိုက်ပုံးများ၊ မဲရုံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပညာပေးပိုစတာများ ကပ်ထားရန်နေရာ စသည့် မဲရုံ အခင်း အကျင်း အနေအထားများတို့ကိုကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုင်းယန်းမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၆၅၈၇ ဦးရှိ၍ မဲဆန္ဒနယ် အမှတ်(၁)တွင် မဲရုံ ၁၂ ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ ၈ ရုံဖွင့်လှစ်ရန်လျာထားကြောင်းနှင့် အသက် (၆၀)နှစ်နှင့် အထက်သက်ကြီးပုဂ္ဂိုလ်များအား အောက်တိုဘာလ (၂၉)မှ နိုဝင်ဘာ (၅)ရက်နေ့ထိကြိုတင် မဲပေးနိုင်ကြောင်းတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဒေါ်သန်းမေလှိုင်ဦးထံမှ သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)