ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

သထုံ ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်းက အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာ ပညာရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) မှ ပဉ္စမနှစ် ကျောင်းသားတစ်ဦးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား‌ လေးဦးတို့က "လူငယ်နှင့် လူမှုဆက်ဆံရေး၊ လူငယ်နှင့် ရည်မှန်းချက်"၊ "လူငယ်နှင့် ကိုယ်တိုင်သင်ယူလေ့လာခြင်း"၊ "လူငယ်နှင့် စာဖတ်ခြင်း" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးကြရာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် အစီအစဉ်တင်ဆက်သူတို့က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်း ပါဝင်ဆွေးနွေးသူတို့က ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ကထိက ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ် စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်