ဟိုပန် အောက်တိုဘာ ၂၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း နမ့်တိန်ချောင်းရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ပြောင်းစိုက်ခင်း များအတွက် မြေဩဇာထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မော်ဟွေ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းမြက သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို လိုက်နာ ဆောင်ရွက်ရေး၊ ဓာတ်မြေဩဇာများသုံးစွဲမှုလျော့ချရေးကို လည်းကောင်း၊ မြို့နယ်ဦးစီးမှူးဦးချိုလေးက ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှံးခဲ့သည့် ပြောင်းစိုက်ဧက (၃၇၉.၂၅) အတွက် (၄)ဧကလျှင် တစ်အိတ်နှုန်းဖြင့် ဓာတ်မြေဩဇာ စုစုပေါင်း(၉၅)အိတ်ကို တာဝန် ရှိသူများက ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။
နမ့်တိန်ချောင်းရေကြီးမှုကြောင့် မော်ဟွေ့ကျေးရွာအုပ်စု (မော်ဟွေ့၊ နောင်ဟေ့၊ ဟင်နား) ကျေးရွာများမှ တောင်သူ(၁၉၂)ဦး၏ ပြောင်းစိုက်ခင်းများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည်။
အဆိုပါ သီးနှံများပျက်စီးမှုအတွက် ဓာတ်မြေဩဇာများကို ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်