နမ့်ဆန် အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ အတွက် မဲရုံပြုလုပ်ရန်လျာထားသတ်မှတ်သည့် နေရာများကို ယမန်နေ့ နံနက်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌနှင့်တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးကျင်စိန်နှင့် အဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တို့လိုက်ပါ၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ စနစ်တကျဆန္ဒမဲပေးနိုင်ရန် မဲရုံပြုလုပ်မည့် လျာထားနေရာများသို့ကွင်းဆင်းကာ မဲရုံအတွင်း အလင်းရောင်ရရှိမှု၊ လေဝင်လေထွက် ကောင်းမွန်ပြီး နေရာအကျယ်အဝန်းရှိ၊ မရှိ ၊ မဲရုံအတွင်း လူစုလူဝေးမဖြစ်စေရန် မဲရုံအဝင်လမ်း၊ အထွက်လမ်း၊ မဲရုံပြင်ပနှင့် မဲရုံအတွင်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေးပြုလုပ်ထားရန်၊ မဲဆန္ဒရှင်ပြည်သူများ လက်ဆေး ရန်နေရာများ ပြုလုပ်ထားမှု အခြေအနေများ၊ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း ပြုလုပ်ဆောင်ရွက်ထားရန် စသည် တို့အား ပြင်ဆင်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
နမ့်ဆန်မြို့နယ်တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း(၄၄၆၄၇)ဦးခန့်ရှိပြီး မဲရုံပေါင်း( ၅၆)ရုံ ရှိကြောင်းသိရသည်။
ကိုအောင်မိုး(ရွှေဖီမြေ)