ပူတာအို ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုခရီးစဉ်ဒေသ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် သဘာဝရေခဲတောင်များကို ယခုလဆန်းပိုင်းမှ စတင်မြင်တွေ့ခဲ့ရခြင်း ဖြစ်ပြီး ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ဖြူဖွေးလှပ သိသာထင်ရှားစွာ မြင်တွေ့နေရပြီဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ပူတာအိုမြို့၏ မြောက်ဘက်နှင့် အနောက်ဘက် တောင်တန်းကြီးများတွင် ရေခဲတောင်များကို မြင်တွေ့နေရခြင်းဖြစ်ပြီး အဆိုပါ တောင်တန်းကြီးများတွင် ရေခဲများကို ဒီဇင်ဘာလမှ ဧပြီလအတွင်း အများအားဖြင့် မြင်တွေ့နေရခြင်း ဖြစ်သည်။
ရေခဲများသည် မိုးတွင်းကာလများတွင် အရည်ပျော်လျက်ရှိရာ ဒေသခံပြည်သူများသည် မိုးတွင်းကာလများတွင် အဆိုပါရေခဲတောင်များတွင် ရှီးပတီ၊ မချစ်ဉ၊ ခန်းတောက်မြစ်၊ ဘေချီ၊ ရှားချီ စသည့် သဘာဝဆေးမြစ် ဆေးဉများကို မိသားစုစားဝတ်နေရေးအတွက် သွားရောက် ရှာဖွေကြရသည်။
အဆိုပါတောင်တန်းကြီးများသည် မိုးတွင်းကာလတွင် စိမ်းလန်းစိုပြေလျက်ရှိပြီး ဆောင်းရာသီနှင့် နွေရာသီကာလများတွင် ရေခဲများဖြင့် ဖြူဖွေးလှပသော တောင်တန်းကြီးများအဖြစ် ပြောင်းလဲသွားသည်။ ပူတာအိုခရိုင်တွင် သဘာဝခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် ခါကာဘိုရာဇီ ရေခဲတောင်၊ ဖုန်ကန်ရာဇီ ရေခဲတောင်၊ မသွယ်ရေခဲတောင်၊ ဂန်လန်ရာဇီ ရေခဲတောင်နှင့် ရှိန်းခေါင် ဆီးနှင်းဖုံးလွမ်းသည့် ရေခဲပြင်ကျေးရွာတို့တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိရာ ဖုန်ကန်ရာဇီရေခဲတောင်သည် အချိန်တိုအတွင်း တက်ရောက်နိုင်သော ရေခဲတောင်ဖြစ်ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပခရီးများ အများဆုံးတက် ရောက်သော ရေခဲတောင်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)