မန္တလာတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အမရပူရ ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လာမည့်ဇန်နဝါရီလ ၄ ရက်နေ့တွင် ရောက်ရှိမည့် (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလာတက္ကသိုလ်၌ကျင်းပသော စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသိင်္ဂီဌေး (သင်တန်း)က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သမိုင်းဌာန၊ ကထိက၊ ဒေါက်တာဝင်းလှိုင်က မျိုးဂုဏ်တင့်စေလွတ်လပ်ရေးအမွေခေါင်းစဥ်ဖြင့် လွတ်လပ်ရေးနေ့အကြိုဟောပြောပေးခဲ့ကြောင်း သိရသည်။ ယင်းနောက်လွတ်လပ်ရေးအကြို ဟောပြောပေးပါသော ဆရာကြီးအား ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမာလာယုအောင်(စီမံ)က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)