ကျောက်ဆည် ဒီဇင်ဘာ ၂၀
တမုတ်ရှင်ပင်ရွှေဂူကြီး ဘုရားကြီးသည် ကျောက်ဆည်-တံတားဦးကားလမ်း ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည်မြို့၏ အနောက်ဘက် (၆)မိုင်(၃)ဖာလုံခန့်အကွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အရှေ့ဘက်(၄)မိုင် (၅)ဖာလုံခန့်အကွာတွင် တည်ရှိပြီး ထူးခြားသည့် သမိုင်းဝင်အင်္ဂတေပန်းတော့ လက်ရာများ ကြည်ညိုလေ့လာနိုင်ပြီး ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် ရှေးမြန်မာမင်းများနှင့် မြန်မာ့သူတော်စင်ကြီးများ၏ တန်ဖိုးမဖြတ်နိုင်သည့် ရှေးခေတ်ဘာသာရေးကိုးကွယ်ယုံကြည်မှု၊ အနုပညာလက်ရာများနှင့် လူနေမှုအဆင့်အတန်းများကို အနယ်နယ်အရပ်ရပ်မှ ဘုရာဖူးပြည်သူများအနေဖြင့် ကုသိုလ်ပွားများနိုင်ကြောင်း သိရသည်။
တစ်မုတ်ရှင်ပင်ရွှေဂူကြီးဘုရားကြီးသည် ပထမမြန်မာနိုင်ငံတော်ကြီးအား တည်ထောင်ခဲ့သည့် အနော်ရထာမင်းတရားကြီး၏ မြန်မာပြည်ကြီး စားနပ်ရိက္ခာဖူလုံရေး၊ ကျောက်ဆည်နယ်အတွင်း ဆည်မြောင်းတာတမံများ တည်ဆောက်၍ အရီးကြီးတို့၏ မှားယွင်းသော အယူဝါဒကိုပယ်၍ ပြည်သူများ ယဉ်ကျေးလိမ္မာစေရန်အတွက် မှန်ကန်သောမြတ်ဗုဒ္ဓ၏ ထေရဝါဒသာသနာကို အုတ်မြစ်ချပေးတော်မူခဲ့သည့် မုဌောကိုးဆူ၊ ဂူကိုးဂူ၊ ဆပ်သွားကိုးခု၊ ဆည်ကိုးခုတွင် ပါဝင်သည့် ဂူဘုရာကြီးတစ်ဆူဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် တစ်မုတ်ရှင်ပင်ရွှေဂူကြီးဘုရားကြီးအား ဘုရာဖူးရင်း ပုဂံခေတ် အေဒီ ၁၁-ရာစု၊ ၁၂-ရာစု၊ ၁၃-ရာစုနှင့် ပင်းယခေတ် ၁၄-ရာစုအတွင်းမှ ရှေးဟောင်းယဉ်ကျေးမှုအနုပိသုကာ လက်ရာများဖြစ်သည့် ပုဂံတစ်မြို့လုံးတွင် မြင်းကပါရွာ၏အရှေ့ ကုသိနာရုံဘုရား၌သာ ဖူးတွေ့နိုင်သော ဂဠုန်မင်း၊ အလယ်တွင် နဂါးသုံးကောင်နှင့် အောက်ဆုံးတွင် ဘီလူးခေါင်းပုံပါရှိသော အင်္ဂတေပန်းတော့၊ ပုဂံမြို့ ဘုရားအမှတ်(၁၄၁၀) မင်္ဂလာစေတီအနီး၌သာ ဖူးတွေ့နိုင်သော ထောင့်စေတီအောက်ရှိ ကိုယ်နှစ်ခွရုပ်ကြွ ခြင်္သေ့မင်းပုံ၊ ပုလဲသွယ်များ၊ ခါးတောင်းမြီးနှင့် ခါးစည်းကြိုးများပါရှိသည့် ရှားပါးလှသော တင်ပျဉ်ခွေ ရှိခိုးလျက်ရှိသော နတ်မင်းကြီး (၁၆)ပါး၏ ပုံတော်များ၊ သပိတ်မှောက်(ခေါင်းလောင်း)တွင် ရင်ဘွဲ့ခါးစည်းကြိုးများမပါရှိဘဲ ဖောင်းရစ်(ဆတ္ထဝတီ)တွင် စိန်တောင်ရှစ်ခုပါသော ရှေးကျသည့် စေတီတော်ပုံစံ (၁၆)ဆူ၊ ၁၂-ရာစုမှ တိရိစ္ဆာန်မျိုးစုံ၊ ငှက်မျိုးစုံတို့၏ ကနုတ်ပန်းများ၊ ပုဂံမြို့ စူဠာမုနိဘုရားကြီး၏ ထောင့်ခလုတ်ကဲ့သို့ အလွန်လှပ၍ ကြွကြွရွရွရှိသော ဘီလူးခေါင်းပုံ၊ နံရံတွင် မာရဘင်အကွက်များဖော်၍ ဆင်၊ မြင်း၊ ဟင်္သာ၊ ဥဒေါင်း၊ လွန်းကြင်၊ ဇီးကွက်၊ ငှက်ဆင်၊ ကျေး၊ ကြက်ဖ၊ မျောက်၊ လူမျိုးစုံ၊ နတ်မျိုးစုံ၊ ပန်းပွင့်/ပန်းခက်မျိုးစုံများ၊ ကလပ်တိုးထိပ်ရှိ စိန်တောင်များတွင် ကနုတ်ပန်းများသာမက ငှက်နှစ်ကောင်နှင့် မုံ့ကြာဖူး၊ သမင်နှစ်ကောင်နှင့် ဓမ္မစကြာ၊ ခြင်္သေ့နှစ်ကောင်နှင့် ကနုတ်ပန်း၊ လူမျိုးစုံ၊ နတ်မျိုးစုံ အရုပ်မျိုးစုံတို့အား တစ်ခုနှင့်တစ်ခု မထပ်စေရန် ပုံစံအမျိုးမျိုး ပြုလုပ်ထားသည့် လက်ရာများ၊ ဝင်ပေါက်များတွင် (၁၁)ရာစုဟန် ခုံးဝိုင်းများနှင့် အပေါ်ထပ်ဝင်ပေါက်များမှ (၁၂)ရာစုဟန် ခုံးချွန်းလက်ရာများ၊ တိန်ညင်ဘောင်အား အဖြောင့်၊ အခုံး၊ အချိတ် ပုံစံသုံးခုများဖြင့် ပြုလုပ်ထားသည့် လက်ရာများ စုံလင်စွာ ဖူးမျှော်ကြည်ညိုလေ့လာနိုင်ကြောင်း တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကြီး၏ ဂေါပကအဖွဲ့များမှ ရှင်းလင်းပြ၍ သိရှိရပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများလည်း လက်တွေ့လာရောက် ဖူးမျှော်ကြည်ညိုနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
သက်မောင်(ကျောက်ဆည်)