သဘာဝကပေးတဲ့လက်ဆောင်မွန် အောင်ပါစေထန်းလျက် စားသောက်ကုန် လုပ်ငန်း

ညောင်ဦး ဒီဇင်ဘာ ၁၉

ထန်းပင်သည် အညာဒေသ၏ အလှတပါးဖြစ်သကဲ့သို့ သဘာဝ၏လက်ဆောင်မွန်ဆိုပါက ပို၍ပြည့်စုံတိကျမည်ဖြစ်သည်။ ထန်းပင်စိုက်ရန် ဓာတ်မြေဩဇာမလို ပိုးသတ်ဆေးမလို ရေပေးရန်မလို သဘာဝလျှောက် ရှင်သန်နိုင်သောအပင်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ထန်းကိုအခြေခံ၍ စားသောက်ကုန်များ ထုတ်လုပ်ပြီး ဒေသစီးပွား၊ နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။

ထန်းပင်မှရရှိသော ထန်းလျက်သည် မည်သည့်ဓာတုပစ္စည်းကိုမှ အသုံးပြုထုတ်လုပ်ရန် မလိုသော အချိုဓာတ်ပင်ဖြစ်သည်။ ထန်းလျက်၌ ဗီတာမင်ဘီများစွာ ပါဝင်သကဲ့သို့ သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်တို့လည်း ကြွယ်ဝစွာပါဝင်သည်။ တိုင်းရင်းဆေးပညာ၌ ထန်းလျက်သည် ဆေးတစ်ပါးဖြစ်သည်။

အညာဒေသတွင် ထန်းလျက်လုပ်ငန်း လုပ်ကိုင်သူများစွာရှိရာ ညောင်ဦးမြို့နယ် ပြွန်ကျေးရွာအုပ်စု ပြွန်ကျေးရွာရှိ ဦးမိုးဇော်၏ အောင်ပါစေ အညာထန်းလျက်လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အောင်ပါစေ ထန်းလျက်စားသောက်ကုန်လုပ်ငန်းကို  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စတင်လုပ်ကိုင်ခဲ့ပြီး ထန်းလျက်ကုန်ကြမ်း သကာရည်၊ တင်လဲရည်တို့အား ပြွန်ကျေးရွာ ထန်းတောင်သူ (၂၀)ဆီမှ အရည်အသွေးအလိုက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးကာ သာမန်ကုန်ကြမ်းထက် ဈေးပိုပေးဝယ်ယူကြောင်း အဆိုပါ ထန်းတောင်သူများကိုလည်း ပစ္စည်းဖိုးသာမက ထန်းလုပ်ငန်းသုံး ဒယ်၊ အိမ်သုံး ပစ္စည်းများကိုလည်း လက်ဆောင်ပေးအပ်ထားကြောင်း ဦးမိုးဇော်က ရှင်းပြသည်။

ထန်းလျက်လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်အနေဖြင့် ထန်းသကာရည်များကို ထန်းပင်မှအိုးများနှင့် စုဆောင်းခြင်း၊ ပိတ်စအသန့်များဖြင့် အနယ်ဖယ်ခြင်း၊ သန့်စင်ခြင်း၊ (အမှိုက်များ၊ အမှုန်အမွှားများ)ဖယ်ထုတ်ခြင်း၊ အပူပေးခြင်း (အမြှုပ်အနှစ်များဖယ်ထုတ်ခြင်း) ဆူပွက်အောင်ကျိုချက်ခြင်း၊ ပါဝင်ပစ္စည်းများ ရောထည့်ခြင်း (ဆီး၊ ချင်း၊ မန်ကျည်း၊ ရှားစောင်းလက်ပတ်၊ အုန်း)တို့အား ပုံသွင်းခြင်း၊ ဖဲ့ထုတ်ခြင်း၊ နေလှန်းအခြောက်ခံခြင်း၊ အအေးခံခြင်း၊ ထုတ်ပိုးခြင်းနှင့် ဈေးကွက်တင်ပို့ခြင်းတို့ အဆင့်ဆင့် ဆောင်ရွက်ရပါတယ်ဟု အောင်ပါစေ အညာထန်းလျက် စားသောက်ကုန်လုပ်ငန်းရှင် ဦးမိုးဇော်က ရှင်းလင်းပြောကြားသည်။ ထန်းလျက်ကို အခြေခံ၍ ဆီးထန်းလျက်၊ ချင်းထန်းလျက်၊ မန်ကျည်းထန်းလျက်၊ အုန်းထန်းလျက်၊ ရှားစောင်းလက်ပက် ထန်းလျက်များ ထုတ်လုပ်ကြောင်း သိရပြီး ဖြန့်ချိမှုအနေဖြင့် ပြည်ပနိုင်ငံများဖြစ်သော ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ အမေရိကန်၊ တောင်ကို ရီးယားနိုင်ငံနှင့် ပြည်တွင်းဈေးကွက်တွင် မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ စသည့် မြို့ကြီးများနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချနေရကြောင်း၊ FaceBook Page ဖြင့် ကြော်ညာပြီးလည်း ရောင်းချကြောင်း ဦးမိုးဇော်က ရှင်းပြသည်။ အဓိကရောင်းအားအကောင်းဆုံး ထန်းလျက်မှာ  အုန်းထန်းလျက်၊ ဆီးထန်းလျက်နှင့် ချင်းထန်းလျက်တို့ ပိုမိုရောင်းချရကြောင်း သိရသည်။

အခက်အခဲအနေဖြင့် မိုးရွာသွန်းပါက အမှာစာအရ အချိန်မီ ကုန်ပေးပို့ရန်ခက်ခဲကြောင်း၊ နေရာ၊ အခြောက်ခံစက်အကြီးတို့ လိုအပ်ဆဲဖြစ်ကြောင်း၊ လက်ရှိ ထန်းလျက်အခြောက်ခံစက်ကို ကိုယ်တိုင် တီထွင်ထုတ်လုပ်ထားတာနဲ့ အဖွဲ့အစည်းတစ်ခုဆိုလာ သုံးအခြောက်ခံစက် အသေးကိုသာ အသုံးပြုလျက်ရှိပြီး ကျွမ်းကျင်လုပ်သားရှားပါးမှု အနည်းငယ် အခက်ခဲ့ရှိကြောင်း သိရသည်။

အောင်ပါစေ အညာထန်းလျက် စားသောက်ကုန်လုပ်ငန်းအနေဖြင့် အသေးစား စက်မှုလက်မှု လုပ်ငန်းမှတ်ပုံတင်လက်မှတ် ရရှိထားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှုများလည်း ရရှိကြောင်း၊ လုပ်သား(၄)ဦးမှ (၇)ဦးအထိ လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထန်းလျက်စားသောက်ကုန်များ ခေတ်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိ ပဲ ထုတ်လုပ်နိုင်ခြင်းဖြင့် ထန်းပင်များစွာ ခုတ်လှဲပြီး အပင်အလုံးလိုက် ရောင်းချခြင်းမှ ကာကွယ်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ထန်းတောင်သူ (ထန်းတက်သမားများ)နှင့် မှီခိုမိသားစုများ ဝင်ငွေပုံမှန်ရှာပေးနိုင်ခြင်း၊ ကျေးရွာရှိ အမျိုးသမီးများ အလုပ်အကိုင်အခြေတကျ ရရှိခြင်း၊ ဝင်ငွေရရှိဖန်တီးပေးနိုင်ခြင်း၊ အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်ခြင်း၊ မိရိုးဖလာထုတ်လုပ်နေသည့် ပုံစံမှသည် ပိုမိုသန့်ရှင်းသော ပုံစံဖြင့် ထန်းလျက်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းတို့ပင်ဖြစ်သည်။

အောင်ပါစေ အညာထန်းလျက်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သော ထုတ်ကုန်များမှာ ဓာတုဆေးဝါးကင်းလွတ်ပြီး ကျန်းမာရေးအတွက် သန့်ရှင်းစွာ ထုတ်လုပ်ထားကာ ဖုန်၊သဲ၊ အကူဆေးများ လုံးဝမသုံးကြောင်း အာမခံနိုင်သည်ဟု ဦးမိုးဇော်ကပြောကြားသည်။ အောင်ပါစေ အညာထန်းလျက်လုပ်ငန်း၏ Vision and Mission ကိုလည်း လုပ်ငန်းခွင်တွင် ကွန်ပျူတာစာစီကာ ကပ်ထားသည်ကို အောက်ပါအတိုင်းဖတ်ရှုခဲ့ရသည်။

“ဓာတုကင်းစင်ပြုံးပျော်ရွှင် တူညီစိတ်ထား စုပေါင်းအား ဆောင်တိုင်းမြောက်စေ အောင်ပါစေ၊ ရိုးရိုးစား၊ အစာလည်းဆေး ဘေးကင်းဝေး၊ အသက်ရှည်ဆေး ကျန်းမာရေး အောင်ပါစေကို စားသုံးပေး၊ တောင်သူများစွာဝင်ငွေဖြာ အကျိုးစီးပွားဖြစ်ထွန်းအား အောင်ပါစေ၏ ဆုတောင်းစကား”

ထန်းလျက်ကို အခြေခံ၍ စားသောက်ကုန်များကို ခေတ်နဲ့အညီ တိုးတက်သောအမြင်ဖြင့် ထုတ်လုပ်လာနိုင်ခြင်းသည် ဒေသတွင်းစီးပွားရေး၊ နိုင်ငံ့စီးပွားရေးအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်သကဲ့သို့ MSME လုပ်ငန်းကဏ္ဍတွင် တွေ့ကြုံရသည့် အခက်အခဲများ လျော့ချရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြှပ်နှံမှုများ ရရှိနိုင်ရေးတို့ကို ဆောင်ရွက်နိုင်ပါက အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး နိုင်ငံ့စီးပွားကို အထောက်အကူပြုမည်ဖြစ်ကြောင်း ရေးသားတင် ပြလိုက်ရသည်။

ကိုဇော်(ဓာတု)၊ ဒီပါလင်း