မန္တလေးနည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ပုသိမ်ကြီး ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးနည်းပညာတက္ကသိုလ် တာဝန်ခံ ဒုတိယပါမောက္ခချုပ်များက အမှာစကားများ ပြောကြားခဲ့ပြီး၊ ဌာနမှူးများမှ မိမိတို့ဌာနအလိုက် ဘာသာရပ်များကို မိတ်ဆက်ပြီး၊ ကျောင်းသားကျောင်းသူများကို နွေးထွေးစွာကြိုဆိုနှုတ်ဆက် စကားပြောကြားကြသည်။ ''ယနေ့ကျင်းပသည့် ပွဲတွင် မန္တလေးနည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်ရရှိသူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ သစ်လွင် မောင်မယ် စုစုပေါင်း (၄၀၇) ဦးအား ကြိုဆိုတဲ့ပွဲဖြစ်ကြောင်း၊ အခြေခံပညာမှ အောင်လာကြပြီး၊ တက္ကသိုလ်ဝင် လာကြပြီဆိုတာ တနည်းအားဖြင့် မိဘနှင့်အတူ ရင်အုပ်မကွာ နေလာကြရာကနေ ပညာသင်ကြားဖို့ သင့်တော်သည့် ပတ်ဝန်းကျင်သစ်ကို စတင်အခြေချ အစပျိုးတဲ့ နေရာလည်း ဖြစ်ပါကြောင်း၊ အစပျိုးဖို့လာတဲ့ သားတို့သမီးတို့ကို ၆ နှစ်တာ ကာလမှာ ပညာသင်ကြားပေးမည့် အမိတက္ကသိုလ်မှ ကြိုဆိုပါကြောင်း၊ သားတို့သမီးတို့ သင်ကြားရွေးချယ်ရမည့် ဘာသာရပ် (၁၁)ခုကို ဌာနမှူးများက မိတ်ဆက်ပေးချင်သည့်အတွက် ယခုအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း'' အစရှိသည်များကို တာဝန်ခံ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုခိုင်ကပြောသည်။

ဆက်လက်၍ Senior ကျောင်းသားကျောင်းသူများမှ သစ်လွင်မောင်မယ်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူသစ်များ သိရှိလိုသည် များကို မေးမြန်းခြင်းကို တာဝန်ရှိသုများက ပြန်လည်ဖြေကြားခဲ့ပြီး၊အဆိုပါ တက္ကသိုလ်တွင် အင်ဂျင်နီယာ ဘာသာရပ် (၁၁) ခုကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)