နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီသီလရှင် ပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

လယ်ဝေး ဒီဇင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီပရိယတ္တိသီလရှင် စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ပရိယတ္တိသီလရှင်စာသင်တိုက် လပြည့်ဝန်းကျောင်းဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီပရိယတ္တိသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဂန္တဝါစကပဏ္ဍိတ ဒေါ်သုမနထေရီထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဌာနကြီးမှူးများ၏ ဇနီးများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် ဓမ္မဝိဟာရီ ပရိယတ္တိသီလရှင်စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့် လှုဖွယ်ဝတ္ထုများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များ၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၏ ဇနီးများက ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှဝေသည်။ ထို့နောက် ဓမ္မဝိဟာရီပရိယတ္တိသီလရှင်စာသင်တိုက်၊ သီလရှင်ဆရာကြီး ဂန္တဝါစကပဏ္ဍိတ ဒေါ်သုမနထေရီနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၊ ဓမ္မဝိဟာရီ ပရိယတ္တိသီလရှင်စာသင်တိုက်သို့ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဆွမ်းဆန်တော် ၁၆ အိတ်၊ ဆီပိဿာ ၃၀ နှင့် အလှူငွေကျပ်လေးသိန်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)